Saturday, September 20, 2008
တည်ဖြစ်ရှင်သန်ဆဲ
ကိုယ်လေ တကယ်ပါ
လူ့ဘ၀မှာ နေရမယ်ဆိုလျှင်
အနှစ်တစ်ရာမက နေရချင်တယ်။
စိတ်ကူးငှက်တွေ ပျံသန်း
ကဗျာပန်းတွေသီကျူး
အိပ်ပျက်ဖူးတဲ့ ညတွေ
အသင်္ချေ အနန္တ ကျော်ဖြတ်ခဲ့ရတယ်။
ဘာပဲပြောပြော
ရင်မောစရာ ဘ၀လမ်းမှာ
စိတ်ပန်း ဖြေမဲ့ ကဗျာတေး
သီဆိုရေးနေရလျှင်လေ
တို့တွေရဲ့ အားမာန်သစ်
တည်ဖြစ်ရှင်သန်ဆဲ
အနှစ်တစ်ရာထဲ အသက်ရှည်။
                                                                                                                                    (မေလေး)
Monday, September 15, 2008
အင်းလေးဖောင်တော်ဦး ဘုရားသမိုင်း အကျဉ်း နှင့် ဒေသစာရီကြွချီခြင်း။
ဘုရားသမိုင်း အကျဉ်း။
ညောင်ရွှေမြို့ ၏ မူလအမည်မှာ ရှမ်းဘာသာဖြင့် “ ယောင်ဝှေ ” ဖြစ်သည်။ တောင်နှစ်သွယ်ကြားမှ ကုန်းမြေ ဟု အဓိပ္ပာယ်ရသည် ဆို၏။ ယောင်ဝှေ ဟုပြောသော ရှမ်းသံကို မြန်မာတို့က ညောင်ရွှေဟု ကြား၍ မှတ်တမ်းတင် ရေးသား၊ ခေါ်ဆိုရာမှ ညောင်ရွှေ ဟုအမည်တွင်ခဲ့ပုံရ၏။ သက္ကရာဇ် (၇၂၁) ခုနှစ်တွင် ညောင်ရွှေမြို့ ကို တည်ထောင်ခဲ့သော စော်ဘွားကြီးဆီဆိုင်ဖ လက်ထက် လွန်ခဲ့သောနှစ်ပေါင်း (၆၄၄) ခန့်ကာလ၊ ယခု သန်းထောင်ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင် တော ချုံ ပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်း ကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူအတွင်းမှ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည် ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့  ဖူးမြင် တွေ့ရှိကြသည်။ ထိုအခါစော်ဘွားကြီးဆီဆိုင်ဖထံ သွားရောက်သတင်းပေးလေသည်။ စော်ဘွားကြီးဆီဆိုင်ဖသည် အားရ၀မ်းသာဖြစ်၍ ဆွေတော်မျိုးတော် မှူးမတ်တို့နှင့် ပရိတ်သတ် လေးပါမြောက်မြားစွာ ခြံရံ၍ သန်းထောင်အရပ်သို့ ထွက်လာကာ တော ချုံ ပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီးလိုဏ်ဂူကို တူးဖော်ကြည့်ရာဘုရားရှင်ရုပ်ပွားတော် (၅) ဆူတို့ကို ဖူးမြင်တွေ့ရှိရပေသည်။ ၎င်းရုပ်ပွားတော် ငါးဆူအနက် နှစ်ဆူမှာ ရဟန္တာပုံတော် ဟုသိရှိရသည်။ ၎င်းရုပ်ပွားတော်ငါးဆူတို့ကို ဖောင်တော်ဦး ရုပ်ပွားတော် ဟုခေါ်ဝေါ်သည်။ ဖောင်တော်ဦး ရုပ်ပွားတော် ဟုခေါ်ရခြင်းအကြောင်းအရင်းမှာ ကောဇာသက္ကရာဇ် (၄၀၄) ခုနှစ်တွင် မင်းအဖြစ် ရောက်ရှိတော်မူသော ပုဂံပြည့်ရှင်နရပတိအလောင်းစည်သူ မင်းကြီးသည် သာသနာတော်မြတ် စည်ပင်ပြန့်ပွားထွန်းကားခြင်းကို လိုလားသော မင်းမြတ်ဖြစ်သည်နှင့်အညီ ဇမ္ဗူဒိပ်ကျွန်း အလုံးစုံနှံ့အောင် ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်တော်မူခဲ့ပြီးနောက် သီဟိုဠ်မင်းက ဆက်သလိုက်သော သင်းကနတ် ဖောင်တော်ဖြင့် လှည့်လည်ပြန်လာတော်မူရာ မလယ ခေါ် မလ္လာဟု ကျွန်းရောက်လျှင် (၎င်းကျွန်းသည် အန္ဒိယပြည် မဒရပ်နယ် တောင်ဘက် ပင်လယ်တွင်ရှိ၍ အမွှေးနံ့သာ၊ ကရမက်စသည်အလွန်ပေါသည်ဟုသိရသည်။) သိကြားမင်းက ဆက်သအပ်နှင်းလိုက်သောအခါ မဟာဗောဓိသားနှင့်တကွ သရက္ခန်နံ့သာနှစ် အသားတို့ကို ရုပ်ပွားတော် (၅) ဆူထုလုပ်စေတော်မူပြီးလျှင် ဖောင်တော်၏ ရှေ့ ဦးတွင် ပင့်တင် ကိုးကွယ် ယူဆောင်တော်မူလျက် နေပြည်တော် ပုဂံမြို့ သို့ရောက်တော်မူလေသည်။ ဤသို့ ဖောင်တော်ရှေ့ ဦး၌ တင်ယူကိုးကွယ်ခဲ့သော ဘုရားဖြစ်ခြင်းကြောင့် ဖောင်တော်ဦးဘုရားဟု ခေါ်ခြင်းဖြစ်သည်။ စော်ဘွားကြီး ဆီဆိုင်ဖသည် ယင်းရုပ်ပွားတော်မြတ် (၅) ဆူကို မိမိနေပြည်တော် ညောင်ရွှေမြို့ တော်သို့ပင့်ဆောင်ပြီး ဟော်နန်းဦးစံပြဿဒ်ပေါ်တွင် ကိုးကွယ်တော်မူပြီးမှ နှစ်စဉ် သီတင်းကျွတ်လဆန်း(၇)ရက်သို့ ရောက်သောအခါ ဟော်နန်းဦးမှ အောက်သို့ပင့်ယူပြီး လှပတင့်တယ်စွာ ဆောက်လုပ်ထားသော ပြဿဒ်မဏ္ဍပ်အတွင်း ကောင်းစွာစံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော် အပူဇော်ခံပွဲသဘင် ဆင်ယင်ကျင်းပတော်မူခြင်းဖြစ်သည်။ ဟော်နန်းဦးမှ မြို့ သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ လူ့ပြည်သို့ ကြွဆင်းလားသော မြတ်စွားဘုရား (စ၀်ဖရားလုံးစိုင်း) ဟု ရှမ်းဘာသာဖြင့် ခေါ်တွင်သဖြင့် မူလဖောင်တော်ဦးဟူသော အမည်မှာ အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။ ညောင်ရွှေမြို့ ၌ နှစ်ပေါင်း (၂၅၆) နှစ်ကြာပွဲတော်များ ကျင်းပနိုင်ခဲ့၍ သက္ကရာဇ် (၉၇၇) ခုနှစ်တွင် ညောင်ရွှေမြို့ ကို စိုးစံသော
စော်ဘွားမ (စောဝ်နန်းမ၊ စောဝ်နန်းဟေး) လက်ထက်ရောက်သောအခါ ၎င်းမြို့ တော် ပတ်ဝန်းကျင်ရှိ အခြားစော်ဘွားမြို့ စားတို့က မြို့ တော်ကို ထိပါးတိုက်ခိုက် နှောင့်ယှက်ဖန်များသောကြောင့် ဗုဒ္ဓဘာသာ ရှမ်းမြန်မာတို့ အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော် (၅) ဆူတို့ကို စစ်ဘေး၊ စစ်ဒဏ် ရန်အန္တရာယ်ကင်းရှင်းရာဖြစ်သော ညောင်ရွှေနယ်ရွှေအင်းတိမ်ဘုရားကြီး၏ အရံစောင့်ကျွန်သီးတော်တို့အား (၁၂) မှု မင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ၎င်းတို့၏ သူကြီးအားလည်း ရုပ်ပွားတော်တို့ကို စောင့်ရှောက် ထိန်းသိမ်းရေးကိစ္စ ဆောင်ရွက်ဖွယ်အ၀၀တိုင်း အမိန့်အာဏာများ အပ်နှင်းပြီး အထူးထိန်းသိမ်း စောင့်ရှောက်စေသည်။ ၎င်းအသည်တော်တို့ နေထိုင်ရာရပ်ကွက်၌ စစ်ဘေး၊ စစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းမှာ ဗုဒ္ဓဘာသာလူမျိုးတို့၌ ဘုရားကိုယ်စား ရုပ်ပွားဆင်းထု၊ စေတီပုထိုးတို့ကို ထိန်းသိမ်း စောင့်ရှောက်ထားသော ကျွန်သီးတော် ခေါ် အသည်တော်များနေထိုင်ရာ ရပ်ကွက်ကို မည်သူမဆို ၀င်ရောက် တိုက်ခိုက်နှောက်ယှက်ထိပါး ဖျက်ဆီးခြင်းအမှု မပြုလုပ်ရ ဟူသော ဘာသာတရားအရ ဥပဒေပညတ်ချက် ထားရှိသောကြောင့် ၎င်းကို လိုက်နာသောအားဖြင့် မြို့ပြ၊ ပြည်ရွာ ပျက်ပြားသောအခါဖြစ်စေကာမူ ၎င်းရပ်ကွက်၌ ဘုရားသင်္ကန်းတော်ကိုဖြစ်စေ ဘုန်းကြီးသင်္ကန်းကိုဖြစ်စေ အောင်လံအဖြစ်စိုက်ထူထားပါက မည်သည့်ရန်သူတစ်ဦး တစ်ယောက်မျှ ၀င်ရောက် နှောင့်ယှက်ခြင်းမပြုရဟူသော ဘာသာထုံးတမ်း ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာ နေထိုင်ရသောသူများ ဖြစ်သည့်အလျောက် ၎င်းတို့ နေထိုင်ရာရပ်ကွက်၌ စစ်ဘေး၊ စစ်ဒဏ် ရန်အန္တရာယ် ကင်ရှင်းခြင်းဖြစ်သည်။ ၎င်းရပ်ကွက်ကား ရွှေအင်းတိမ်ဘုရားကြီး၏အရှေ့ ဘက် မြောင်ဆုံရွာအနောက်တောင် အင်းတိမ်မြို့ ဟောင်း တောင်ဘက် ယခုဆော်မရွာ ဟုခေါ်သော ရပ်ကွက်ပင်ဖြစ်သည်။ ဆော်မရွာ အနောက်ဘက်တွင် ဖောင်တော်ဦးရွာဟု ရှေးကရှိသည်။ ၎င်းရွာသည် အယုတ်တော်များ နေရာရပ်ကွက်ဖြစ်သည်ဟု ယခုလက်ရှိ အသည်တော်များ ၊ လူကြီးများ နှုတ်အမှတ်အသားထားရှိကြကြောင်း သိရှိရသည်။ ၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသော အချိန်မှစ၍ ၎င်းရုပ်ပွားတော်များကို ဖောင်တော်ဦးဘုရား ဟုတင်စား၍ ခေါ်ဝေါ်ခဲ့ကြသည်။
ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီခြင်း၊
ဖောင်တော်ဦးရုပ်ပွားတော်မြတ်တို့ကို အသည်တော်များက အစဉ်အလာမပျက်ဆက်လက်ကျင်းပလာခဲ့သော မူလပွဲတော်ရက်ဖြစ်သည့် သီတင်းကျွတ်လဆန်း(၇)ရက် နေ့တွင် ညောင်ရွှေမြို့ သို့အရောက် ပင့်ဆောင်ရမည်ဟု အာဏာပိုင်တို့အမိန့် ပညတ်ချက်အရ----------------
သီတင်းကျွတ်လဆန်း (၅) ရက်၊ ဆော်မရွာ ကျောင်းတော်မှ အောက်သို့ဆင်းကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၆) ရက်၊ ဟဲယာရွာမသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၇) ရက်၊ ညောင်ရွှေမြို့ သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၈) ရက်၊ နမ့်သဲရွာသို့ကြွ နေ့ဆွမ်းကပ်ပြီးလျှင် နမ့်ပန်သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၉) ရက်၊ နောင်တောရွာသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ရွာကြီးဘန်းပုံသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ ဆော်မရွာကျောင်းတော်သို့ အရောက်ကြွတော်မူကာ
မြို့ ရွာနေ၊ ပြည်သူပြည်သားတို့၏ အပူဇော်ခံ (၈) ဌာနပွဲတော်သဘင်ကို ဆင်ယင်ကျင်းပလေသည်။ သက္ကရာဇ် (၁၁၃၃) ခုနှစ် အချိန်ကာလတွင် အင်းတိမ်ဆော်မရွာရှိ ဖောင်တော်ဦးကျောင်းတော်ကို မီးသင့်လောင်သဖြင့် ရွာကြီးဘန်းပုံအရပ်တွင် ကျောင်းတော်ဆောက်လုပ် ရုပ်ပွားတော် (၅) ဆူကို ပင့်တင့်ရွှေ့ ပြောင်းပြီးလျှင် စောင့်ရှောက်ထားရာမှ သက္ကရာဇ် (၁၂၄၃) ခုနှစ်တွင် ရွာကြီးဘန်းပုံကျောင်းတော်မှ သာလေးတိုက် နမ့်ဟူးရွာ နမ့်ဟူးကျောင်းတော်သို့ ရွှေ့ ပြောင်းစောင့်ရှောက်ခဲ့သည်။ ထို့နောက် မူလက (၈) ဌာနသို့ ဒေသစာရီကြွချီရာမှ (၁၉) ဌာနတိုင်အောင် ကြွချီတော်မူပြန်သည်။
သီတင်းကျွတ်လဆန်း (၃) ရက်၊ မူလဂန္ဓကုဋီမှကျောင်းဦး ဗုဒ္ဓါသန ပလ္လင်တော်
သီတင်းကျွတ်လဆန်း (၄) ရက်၊ ကျောင်းတော်မှ အင်းတိမ်
သီတင်းကျွတ်လဆန်း (၅) ရက်၊ အင်းတိမ်မှ ဟဲယာရွာမ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊ ဟဲယာရွာမမှ ညောင်ရွှေ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၉) ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၉) ရက်၊ နမ့်သဲမုန့်ထုပ်မှ လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ လင်းကင်းမှ ကြေးစား (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ မိုင်းသောက်မှ သလဲဦး (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ သလဲဦးမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ငါးဖယ်ချောင်မှ ဇရပ်ကြီး (၁) နာရီ
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ဇရပ်ကြီးမှ ဘုရားပေါက် (၅) နာရီ
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ဘုရားပေါက်မှ နမ့်ပန် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃) ရက်၊ နမ့်ပန်မှ နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ နောင်တောမှ မန်ကျည်းဆိပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ မန်ကျည်းဆိပ်မှ ကျိုမ့်ခမ်း (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ ကျိုင့်ခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (၅) နာရီခွဲ
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ အင်းပေါခုံမှ ရွာကြီးရေသာ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်(၃)ရက်၊ ကျောင်ဦးဗုဒ္ဓါသနပလ္လင်မှ မူလဂန္ဓကုဋီတိုက်သို့ဒေသစာရီကြွချီတော်မူသည်။
ယခုအခါတွင် တော်သလင်းလကွယ်မှစ၍ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်နေ့အထိ တိုင်အောင် (၁၈) ရက် ဒေသစာရီကြွချီတော်မူသော အရပ်ဒေသများမှာ----------
တော်သလင်းလကွယ်နေ့ မူလ ဂန္ဓကုဋီတိုက်မှ ကျောင်းဦး ဗုဒ္ဓါသနပလ္လင်တော်
သီတင်းကျွတ်လဆန်း (၁) ရက်၊ ကျောင်းတော်မှ အင်းတိမ်သို့ကြွ (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၂) ရက်၊ အင်းတိမ်မှ ဟဲယာရွာမ (၂) ညကျိန်း
သီတင်းကျွတ်လဆန်း (၄) ရက်၊ ဟဲယာရွာမမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၅) ရက်၊ ငါးဖယ်ချောင်းမှ ကြေးစားကုန်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၆) ရက်၊ ကြေးစားကုန်းမှ ပွဲစာကုန်း (နေ့ဆွမ်း) လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊ လင်းကင်းမှ ညောင်ရွှေမြို့
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (နေ့ဆွမ်းး) မိုင်းသောက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ မိုင်းသောက်မှ သလဲဦး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ သလဲဦးမှ ကေလာ (နေ့ဆွမ်း) ဇရပ်ကြီး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃) ရက်၊ ဇရပ်ကြီးမှ နန်းပန်ဘုရားပေါက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ဘုရားပေါက်မှ မန်ကျည်းဆိပ် (နေ့ဆွမ်း) ကျိုင်းခမ်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၅) ရက်၊ ကျိုင်းခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (နေ့ဆွမ်း) နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ နောင်တောမှ ရွာကြီးရေသေ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ ရွာကြီး ရေသေမှ မူလဂန္ဓာကုဋီတိုက်သို့ ပြန်လည်ရောက်ရှိတော်မူပါသည်။
ဖောင်တော်ဦးရုပ်ပွားတော်မြတ်အား ကြည်ညို သဒ္ဓါပွားများစေလိုသည့် စေတနာ၊ အင်းသူ / အင်းသား တို့၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုသည် မည်မျှကြီးမားကြောင်းကို သိရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် တင်ပြရခြင်းဖြစ်ပါသည်။
ဘုရားဖူးလာချင်သူများအတွက်ကတော့---------
Country Code  +95
Local Code  081
  • ဂိုးစတားဟိုတယ်(Gold Star)Ph:29200
  • ဂျစ်ပစီအင်း(Gypsy Inn) Ph:29084
  • တော်ဝင်သစ်ခွဟိုတယ်Ph:23182
  • တစ်ဝုစ်တည်းခိုခန်း(Teak Wood) Ph:29250
  • ဒိုင်းမွန်းစတားတည်းခိုခန်းPh:29130
  • နိုဝင်ဘာဟိုတယ်Ph:29226
  • နောင်ခမ်းPh:29195
  • နန္ဒာဝန်ဟိုတယ်Ph:29211
  • ပရင်(မ်)ရို့စ်ဟိုတယ်(Primrose)Ph:29150
  • ပရိုင်းရို့စ်ဟိုတယ် Ph:22709
  • ပါရာတိုက်အင်းလေး(Paradise)Ph:29128
  • ပါရာဒိုက်ဟိုတယ် Ph:29322
  • ပါရာမောင့်(န်)အင်းလေးဟိုတယ်(Paramount) Ph:29477
  • ဗျူးပွိုင့်ဟိုတယ်Ph:29062
  • ဘရိုက်(စ်)ဟိုတယ်(Bright) Ph:29137
  • မေတည်းခိုခန်းPh:29417
  • မေဟော်နန်းPh:29414
  • မင်္ဂလာအင်းPh:29198
  • ရီမန်းဘားအင်း(Remember Inn) Ph:29257
  • ရွှေကျွန်းမျှောဟိုတယ်(နမ့်ပန်)Ph:29390
  • ရွှေကျွန်းမျှောဟိုတယ်(သလဲဦး)Ph:29389
  • ရွှေအင်းသားဟိုတယ်နှင့်စားသောက်ဆိုင်Ph:22077
  • လိပ်ဗျူးဟိုတယ်Ph:23656
  • ဟူပင်ဟိုတယ်(Hu Pin) (ခေါင်တိုင်ရွာ၊ညောင်ရွှေမြို့ )Ph:29291
  • ဟူပင်ဟိုတယ်(Hu Pin) (ညောင်ရွှေမြို့ )Ph:29293
  • အင်းလေးအင်းPh:23709
  • အင်းလေးPh:29016
  • အင်းလေးပရင့်ဆက်ဟိုတယ်Ph:29055
  • အင်းလေးဗျူးဟိုတယ်Ph:29332
  • အောင်မင်္ဂလာဟိုတယ်Ph:29411
  • Aquarius Inn Ph:29352
စသည့် ဟိုတယ်၊ Inn နှင့် တည်းခိုခန်းများတွင် တည်းခိုနိုင်ပါတယ် ခင်ဗျာ။
    Saturday, August 16, 2008
    နတ်မျက်စဉ်း
    အခုကျနော်ပြောမဲ့ နတ်မျက်စဉ်းဆေးနည်းက အမှတ်(၁၃၄)၊ စက်တင်ဘာလ၊ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတာပါ။ မသိလိုက်ရသေးသော သူများအတွက် သိသင့်တယ်ထင်လို့ ကျနော်က ပြန်လည်တင်ပြတာပါခင်ဗျာ။ ကျနော်က ပြန်လည်တင်ပြတာဆိုပေမဲ့လဲ စာရေးသူ နစ်နာမှုမရှိစေရန်အတွက် မဂ္ဂဇင်းထဲတွင် စာရေးသူကိုယ်တိုင် ရေးသားခဲ့သည့်အတိုင်း (၏ ၊ သည်) မလွဲ ပြန်လည်တင်ပြလိုက်ခြင်းဖြစ်ကြောင်းကို ဦးစွာပထမ ၀န်ခံလိုက်ပါသည်။
    မြန်မာ့တိုင်းရင်းဆေး ဆရာကြီး ဦးကြည်ဟန်မှာ အသက် (၇၀)နီးပါးရှိနေပါပြီ။ သို့သော်ဆရာကြီးမှာ ဇရာ၏ ဖိစီးမှုကို အခြားခန္ဓာ အစိတ်အပိုင်းများ ခံစားနေရသော်လည်း ဆရာကြီး၏ မျက်စိမှာမူ အဝေး၊ အနီး မြင်သည်။ လုံးဝမမှုန်ပါ။ မျက်မှန် မတတ်ရပါ။ မျက်စိမှာ လူငယ်များကဲ့သို့ စွမ်းအား အပြည့်အ၀ ရှိနေပါသည်။ မျက်မှန်မပါဘဲ စာဖတ် စာရေးနိုင်သည်။ ကျွန်တော် ဆရာကြီး ဦးကြည်ဟန်နှင့် ကရင်ပြည်နယ် ကော့လုံကျွန်းတွင် တွေ့ဆုံမိကြပါသည်။ ဆရာကြီး၏မျက်စိအား ကောင်းမွန်နေမှုကို အံ့သြမိသည်။ သို့ပါ၍ ဆရာကြီးအား မေးမြန်း ပြောဆိုမိပါသည်။ “ဆရာကြီးရဲ့ မျက်စိဟာ လူငယ်တစ်ဦးလို ကောင်းမွန်နေတာ တွေ့ရတယ်။ မျက်စိမမှုန်ဘူး။ မျက်စိဟာ အားနည်းမှု အရိပ်အယောင် မတွေ့ရဘူး။ ကြည်လင်ရွှန်းလဲ့နေတယ်။ ဒီတော့ဆရာကြီးမှာ မျက်စိနဲ့ပတ်သက်လို့ အစွမ်းရှိစေမယ့် ဆေးနည်းကောင်းများရှိရင် ကျွန်တော့်ကိုညွှန်ပြ ပြောဆိုပေးပါခင်ဗျာ။ ကျွန်တော်ကငယ်ငယ်နဲ့ မျက်စိအားနည်းနေလို့ပါ” “အစွမ်းထက်တဲ့ မျက်စဉ်းတစ်မျိုးဖော်ပြီး ခတ်ပါ။ ဦးလဲ အဲဒီ မျက်စဉ်းခတ်ခဲ့လို့ အခုလိုမျက်စိ အားမနည်းဘဲ ပကတိကောင်းမွန်နေတာပါပဲ” “ဟုတ်ကဲ့၊ နည်းလမ်း ညွှန်ပြပေးပါ။ မျက်စဉ်းကို ဖော်ပါ့မယ် ဆရာကြီး” “မနက်စောစောမှာ စံပယ်ပင်က စံပယ်ပန်း(၃)ပွင့် ခူးယူရမယ်။ ရေပြောင်အောင် ဆေးရမယ်။ စံပယ်ပင် မရှိတဲ့သူကလဲ စံပယ်ပန်းရောင်းတဲ့ဆီက၀ယ်ပေါ့။ ဒါပေမယ့် ခပ်လတ်လတ်ကို ၀ယ်ပါ။ နွမ်းရင် မယူနဲ့။ “အဲဒီ စံပယ်ပန်းကို ဖန်ခွက်အလွတ်တစ်ခုမှာ ထည့်ရမယ်။ နောက် ရေသန့်သန့် ဖန်ခွက်(၃)ပုံ (၂)ပုံ ထည့်ရမယ်။ တစ်နေ့လုံး စိမ်ထားရမယ်။ ညမှာ မျက်စိကို ခတ်ခါနီး ပန်းကို ဖယ်ပစ်လိုက်၊ အဲဒီရေကို အဲဒီည မျက်စိကို ခတ်။ ပထမဦးဆုံး ခတ်တဲ့နေ့ နံနက်မှာ မျက်စိမှာ ထူးထူးခြားခြား မျက်ချေးတွေ ပိတ်နေလိမ့်မည်။ အ၀တ်ပွတစ်ခုကို ရေဆွတ်ပြီး မျက်စိကို ပွတ်သတ် သန့်ရှင်းမှု လုပ်ပေးရမယ်။ အဲဒီပန်းစိမ်ရေကို (၇)ရက်ဆက်တိုက် ခတ်ပေးရမယ်။ မျက်ချေးက တစ်နေ့ တခြား နည်းသွားမယ်။ (၇)ရက်ခတ်မိရင်ပဲ မျက်စိမှုန်နေသူ ပြန်လင်းပြီး။ မျက်စိမှာ တိမ်ရှိရင် ပျောက်သွားမယ်။ မျက်စိအား အရင်ထက် ထူးထူးကဲကဲ ကောင်းလာမယ်။ (၇)ရက် ဆက်တိုက် ခတ်ပြီးရင် (၁၅)ရက်လောက် နားရမယ်။ နောက် (၁၅)ရက်ပြည့်ရင် ပထမ(၇)ရက်သုံးခဲ့တဲ့ မျက်စဉ်းရေကို မသုံးရဘူး။ နောက်တစ်ခါ အသစ်ပြန်ပြီး ပန်းကိုစိမ် ရတဲ့မျက်စဉ်းရေကို (၇)ရက်ဆက်ခတ်။ (၇)ရက်ပြီးရင် (၁၅)ရက်နားရမယ်။ ဒီလို(၇)ရက်ခတ်၊ (၁၅)ရက်နား၊ (၃)ပတ်ပြည့်ရင် မျက်စိဝေဒနာတွေ ကင်းဝေးသွားပြီး။ မျက်စိမှုန်၊ မျက်ခိုးထွက်၊ မျက်မှန်တပ်ရသူ၊ မျက်မှန်လွတ်မယ်။ တိမ်ရှိရင် ပျောက်မယ်။ ဘာအန္တရာယ်မှ မရှိဘူး။ ဆေးနည်းက လွယ်တယ်။ ဒါပေမယ့် စည်းစနစ်ကျ လုပ်ဆောင်ရမယ်။ လက်တွေ့ ဆေးနည်းမို့ လက်တွေ့သာလုပ်ကြည့် အကျိုးရှိစေရမယ်” “ယုံကြည်ပါတယ်။ ဆရာကြီးကိုယ်တိုင် လက်တွေ့ တွေ့နေရပြီပဲ။ ဒါနဲ့ဆရာကြီး ဒီနည်းပညာကို ဆရာကြီး ဘယ်သူ့ဆီက ရခဲ့တာပါလဲ။ သိပါရစေ” “ဒီအစွမ်းထက် မျက်စဉ်းရခဲ့တဲ့နေရာက ဒီကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာကပဲ။ ပေးအပ်တဲ့ ပုဂ္ဂိုလ်က “နမ့်ပန်ကျောင်းက ဆရာတော် ဦးနန္ဒ၀ံသ” က လမ်းညွှန်နည်းပေးခဲ့တာပဲ” တိုက်ဆိုင်မှုရှိသူ၊ မျက်စိဝေဒနာရှင်များ လက်တွေ့ ဆောင်ရွက်မှုဖြင့် အကျိုးဖြစ်နိုင်စေရန် လမ်းညွှန်ဖော်ပြ ရေးသားလိုက်ရပါသည်။ ဆေးနည်းပညာ ပေးအပ်လမ်းညွှန်ပေးခဲ့သော ကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာ နမ့်ပန်ကျောင်းမှ ဆရာတော် ဦးနန္ဒ၀ံသ နှင့် ဆရာကြီး ဦးကြည်ဟန်တို့အား မှတ်တမ်းတင်ဂုဏ်ပြု ဖော်ပြလိုက်ပါသည်။ ဝေဒနာရှင်အပေါင်းတို့ ကျန်းမာပါစေ ဆန္ဒပြုလျှက်..............
    ဖြူစင်အလိုကင်းနိုင်ပါစေ။
    မြတ်နိုးအောင်
    ဆေးနည်းက တော်တော်ကောင်းတယ်ဗျ။ ကွန်ပျူတာ သုံးတဲ့သူတွေအတွက်တော့ သိထားသင့်တယ် ထင်လို့ပါ။ ကျနော်လည်း တန်ဖိုးရှိတဲ့ ဆေးနည်းကို မပျောက်ပျက်အောင် ထိန်းသိမ်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ ပျော့ဖတ် စုတ်ပြဲလုနီးပါးဖြစ်နေတဲ့ စာမျက်နှာပေါ်ကနေ အင်တာနက် Blog စာမျက်နှာပေါ်ကို ရွှေ့ ပြောင်းလိုက်ခြင်းဖြစ်ပါတယ် ခင်ဗျာ။
    Tuesday, August 12, 2008
    Online ပေါ်ကမျောက်
    တစ်ခါတုန်းက အုန်းသီးရတဲ့မျောက်
    ဆတ်ဆတ်ဆော့ဆော့နဲ့ အုန်းရည်တွေငတ်ခဲ့ရဖူးတယ်........
    တစ်ခါတုန်းက လွှစက်ပေါ်ကမျောက်
    ဆတ်ဆတ်ဆော့ဆော့နဲ့ ဖွားဖက်တော်ကိုသစ်ညှပ်သေဖူးတယ်........
    တစ်ခါတုန်းက ချားလ်(စ်)ဒါဝင်ပြောတဲ့မျောက်
    အွန်လိုင်းပေါ်.....ရောက်.....ရောက်.....နေတတ်တယ်........
    မျောက်နဲ့ဘလောက်.....ဘလောက်နဲ့မျောက်
    တောက်လျှောက်.....ဆော့.....ဆော့.....နေတော့တယ်........
    အခုဒီဘလောက်လဲ ဘလောက်ဆော့တဲ့မျောက်တစ်ကောင်ကြောင့်
    မျောက်ဆော့တဲ့ဘလောက် ဖြစ်ခဲ့ရရှာပြီ........
    Wednesday, July 16, 2008
    ရေ ၊ မီး တန်ပြန်နည်း (ရေပြန်၊ မီးပြန်)
    တန်ပြန်ဆိုတာ သူတပါးက ကိုယ့်အပေါ်မှာ မေတ္တာထားရင် သူ့ရဲ့ မေတ္တာက သူ့ဆီကိုပြန်ရောက်သွားတယ်။ အဲ....ဆိုးကျိုးပေးတယ်ဆိုရင်တော့ သူပေးတဲ့ဆိုးကျိုးလည်း သူ့ဆီကိုပြန်သွားတယ်။ သဘောတရားကတော့ “မှန်” လိုပေါ့ဗျာ။ ဒီပညာက သိတဲ့သူအလွန်နည်းပါးပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ပညာလေးပါ။ သိတဲ့သူတော့ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့်ဒီပညာကို သူတို့ဘယ်တော့မှ မျှဝေမှာမဟုတ်ဘူးဆိုတာတော့ လုံးဝသေချာတယ်။ ဒီပညာဟာ အပေါ်ယံကြည့်ရင် အင်မတန်နူးညံ့ပေမဲ့ သူတပါးကို မကောင်းကြံသူတွေအတွက်တော့ ကြောက်စရာကောင်းတဲ့ ပညာပါ။ ကျနော်လည်း သက်ကြီးရွယ်အိုတစ်ယောက်ဆီကနေ လေ့လာထားတာပါ။ ရေ၊ မီး တန်ပြန်နည်းက ပညာရှင်နှစ်ဦးကို ချုပ်ကိုင်ထားတဲ့အပြင် မည်သည့်ရန်အပေါင်းကိုမဆို တန်ပြန်နိုင်တယ်။ ဘယ်သူလာလာ (ပညာနဲ့ဖြစ်ဖြစ်၊လက်နက်နဲ့ဖြစ်ဖြစ်) ပေါ့။ အဲဒီအပြင် ယတြာအပေါင်းကိုချုပ်ကိုင်နိုင်တဲ့ အစွမ်းလဲရှိတယ်လို့လဲပြောသေးတယ်။ “ရေပြန်၊ မီးပြန်အသုံးပြုနည်းကို မပျောက်ကွယ်အောင် တတ်နိုင်သလောက် မျှဝေပေးပါ” လို့လဲအဲဒီအဖိုးက အသေအချာမှာခဲ့သေးတယ်။ ကျနော်က ရေနဲ့မီး တန်ပြန်နည်းကို တစ်တိုင်းတစ်ပြည်လုံး လုပ်စေချင်တယ်ဗျာ။ ကျနော်တစ်ယောက်ထဲလုပ်လို ဘာမှမထူးဘူး။ ဒါမှ.......သိတယ်မဟုတ်လား။ ဟိုကောင်တွေလေ....mrgreen နောက်ပြီးတော့ ပညာရှင်နှစ်ဦးကို ချုပ်ကိုင်ထားတယ်ဆိုတာကို ရှင်းပြရမယ်ဆိုရင်တော့ အထက်လမ်း နဲ့ အောက်လမ်း...............လာပြန်ပြီ တစ်ခါလာအထက်လမ်း၊ တစ်ခါလာ အောက်လမ်းဆိုပြီးတော့ ပြောတော့မှာဘဲ။ ကျနော့်ကိုတောင် ဘာများထင်နေကြမလဲမသိဘူး။ ကျနော်ကဘာမှမဟုတ်ပါဘူး၊ လေ့လာပြီဆိုရင်အတွင်းကျကျ လေ့လာသူတစ်ယောက်ပါ။ ဒါတွေထားပါလေ....ဘယ်သူတွေဘာထင်ထင် လိုရင်းကိုပြန်စရအောင်။ အထက်လမ်းဆိုတာ ကတ္တရာလမ်း......အဲ ဟုတ်ပါဘူး၊ မှားလို့.....နတ်တွေ၊ ဇော်ကနီတွေ၊ ဇော်ကနက်တွေ၊ အင်းကွက်တွေ ဆိုလား...ဘာတွေမှန်းသိပါဘူးဗျာ စုံနေတာပဲ။ အောက်လမ်းကတော့ သရဲတွေ၊ အစိမ်းသေတွေနဲ့ လုပ်တယ်လို့တော့ ပြောတာပဲ။ ဒီပညာသည်နှစ်ကောင် ဘာတွေပဲတတ်တတ်၊ ပညာတွေဘယ်လောက်မြင့်မြင့်၊ ရေနဲ့မီး တန်ပြန်ပညာက သူတို့ကိုကြိုဆိုနေတာ ဒီကောင်တွေမသိရှာဘူး။ သနားစရာသတ္တ၀ါလေးတွေဖြစ်နေပြီ။ အဲဒီတော့........ရေ နဲ့ မီး တန်ပြန်ကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို စပြောမယ်။ မပြောခင်......စာဖတ်မိတ်ဆွေကို ကျနော်တစ်ခုပြောချင်တာက “အရာရာတိုင်းကို ယုံကြည်နေမယ်ဆိုရင်လည်း အလုပ်မဖြစ်ဘူး၊ မယုံဘူးဆိုရင်လည်း မဖြစ်ဘူး၊ သူ့ပညာနဲ့သူ ရှိနေကြတာ။ ဒါဆိုဘယ်လိုလုပ်မလဲ။ သတိနဲ့နေရမှာပေါ့။ သတိဆိုတာ ပိုတယ်မရှိပါဘူး။” ကျနော်က အဲဒီစကားကို အမြဲလက်ကိုင်ထားတယ်။ ဘာမှလည်း သိပ်အယုံအကြည်တော့မရှိဘူးဗျ။ သတိထားတယ်။ ကိုယ့်ကိုယ်ကို အမြဲကာကွယ်ထားတယ်။ ရေနဲ့မီးတန်ပြန်က လုပ်တဲ့သူအတွက် အန္တရာယ်လုံးဝမရှိဘူး (လူအများအပေါ်မှာကောင်းတဲ့သူဆိုရင်ပေါ့)။ ရေနဲ့မီးကို ဘုရားမှာလှူရမှာပါ။ အရမ်းလွယ်ပါတယ်။ လုပ်မယ်ဆိုရင်လည်း အနည်းဆုံး တစ်ပတ်တစ်ခါလုပ်ပေးပါ။ နေ့တိုင်းလုပ်လေ ပိုကောင်းလေပေါ့ (နေ့တိုင်းလုပ်ရမယ်လို့တော့မဆိုလိုပါဘူး)။ ရေပြန်၊မီးပြန်ကို အသုံးပြုတော့မယ်ဆိုရင် အနည်းဆုံး ငါးပါးသီလကိုတော့ ဆောက်တည်လိုက်ပါ။ ကဲစပြောမယ်.....ယုံချင်တဲ့သူယုံ၊ မယုံချင်တဲ့သူနေ.....၊ ယုံချင်တဲ့သူတွေအတွက်.......
    သောက်တော်ရေခွက်------ ၁ခွက်
    ဖယောင်းတိုင်------------- ၁တိုင်
    အရှည် ၆ လက္မ ၊ အကျယ် လက်နှစ်လုံအရွယ်
    သန့်စင်တဲ့ ၀ါးခြမ်းပြား-------- ၁ချောင်း
    အဲဒီ ၃ မျိုးလိုပါတယ်။ ၃ မျိုးလုံးစုံပြီဆိုရင်တော့....
    ဘုရားကို ရေအရင်ဆုံးစလှူမယ်။ ရေလှူတဲ့ (ဂါထာနဲ့အနက်)သိတယ်မဟုတ်လား။ မသိရင် ရေးပေးထားတယ်။
    ရေချမ်းကပ်လှူရန် (ဂါထာ နဲ့ အနက်)
    အရဟတာဒိ န၀ဂုဏေဟိ၊ အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်။ သမ္ပန္နာဂတံ၊ ပြည့်စုံတော်မူသော။
    နာထံ၊ လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။
    စေတိယဿ၊ ဓာတုစေတီ , ဓမ္မစေတီ , ဥဒ္ဒိဿစေတီ , ပရိဘောဂစေတီတော်မြတ်အား။
    သုဒ္ဓသီတလပသန္နံ၊ သန့်ရှင်းအေးမြကြည်လင်လှသော။
    ဣမံ ပါနီယပရိဘောဇနီယံ၊ ဤသောက်တော်ရေ သုံးဆောင်တော်ရေကို။
    သက္ကစ္စံ၊ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား။
    ပူဇေမိ၊ နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်ဘုရား။
    ဂါထာရွတ်ပြီးတာနဲ့ သောက်တော်ရေခွက်ကို ဘုရားစင်ပေါ်အရင်တင်လိုက်ပါ။
    ရေလှူပြီးပြီဆိုမှ မီးကိုလှူမယ်။ ဆီမီးလှူတဲ့ (ဂါထာ နဲ့ အနက်) မသိရင် ရေးပေးထားတာကြည့်ဆိုပြီး လှူလိုက်။
    ဆီမီးကပ်လှူရန် (ဂါထာ နဲ့ အနက်)
    အရဟတာဒိ န၀ဂုဏေဟိ၊ အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်။ သမ္ပန္နာဂတံ၊ ပြည့်စုံတော်မူသော။
    သဗ္ဗညုတာနာဝရဏ ဉာဏေဟိ၊ သဗ္ဗညုတဉာဏ် , အနာဝရဏဉာဏ်တော်တို့ဖြင့်။
    တိလောကေ၊ သုံးပါးသောလောက၌။ အ၀ိဇ္ဇာအန္ဓကာရံ၊ အ၀ိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို။
    ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။
    စေတိယဿ၊ ဓာတုစေတီ , ဓမ္မစေတီ , ဥဒ္ဒိဿစေတီ , ပရိဘောဂစေတီတော်မြတ်အား။
    ပဘာဝဏ္ဏေဟိ၊ အရောင်အဆင်းတို့ဖြင့်။ အန္ဓကာရံ၊ အမိုက်မှောင်ကို။
    ၀ိနာသကံ၊ ပယ်ဖျောက်တတ်သော။ ဣမံ ဒီပဇာလံ၊ ဤဆီမီးလျှံကို။
    သက္ကစ္စံ၊ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား။
    ပူဇေမိ၊ နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်ဘုရား။
    ဂါထာရွတ်ပြီးတာနဲ့ ၀ါးခြမ်းပြားပေါ်ကို ဖယောင်းတိုင်စိုက်ပြီး သောက်တော်ရေခွက်ပေါ်ကို ကန့်လန့်ဖြတ်တင်လိုက်ပါ။ ၀ါးခြမ်းပြားထိပ်က ဘုရားဘက်ကို “တန်စို့ထိုး” တော့မဖြစ်စေနဲ့နော်။ ဒီအချက်ကိုတော့ လုံးဝသတိထားပါ။ ဘုရားဘက်ကို “တန်စို့ထိုး” ထားလို့ကတော့ ကိုယ်မွေးတဲ့မီး ကိုယ့်ကိုပြန်လောင်ရင် ကျနော်မပါဘူး။
    အားလုံးပြီးပြီဆိုရင်တော့ ဆုတောင်းရမယ့် အဓိကအချက်ကိုရေးပြထားတယ်။ သေသေချာချာဖတ်ပါ။ မလွှဲစေနဲ့နော်။ အရေးကြီးတယ်။
    ဆုတောင်း -------( အရှင်ဘုရား တပည့်တော် / တပည့်တော်မသည် ဤ ရေ နှင့် မီး ကို ကပ်လှူပါသည်။
    ဤသို့ကပ်လှူရသော အကျိုးကြောင့် တပည့်တော် / တပည့်တော်မအား ချစ်ခင်သနား၊ မေတ္တာထားသော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့သည် ရေလိုအေးမြကြပါစေသား။
    တပည့်တော် / တပည့်တော်မအား မနာလိုအမုန်းထား၍ အန္တရာယ် အနှောက်အယှက်ပေးသော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့သည် မီးလိုတောက်လောင်ကြပါစေသား။)--------
    ဒီဆုတောင်းလေးပါ။လွယ်လဲလွယ်ပါတယ်။ဆုတောင်းလေးကတော့ ပျော့ပျောင်းပေမဲ့ အလွန်ကြောက်ဖို့ကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။
    နောက်ထပ် ဆုတောင်းတစ်ခုရှိသေးတယ်။ အဲဒီဆုတောင်းကိုတော့ ဟိုလိုပုဂ္ဂိုလ်တွေကို လျှောက်မပြောရဘူးနော်။ တိတ်တိတ်နေ....။ ကိုယ့်အိမ်ထဲမှာ ကိုယ်လုပ်တော့ အသက်အန္တရာယ်ကင်းတာပေါ့။
    ဆုတောင်း -------(အရှင်ဘုရား တပည့်တော် / တပည့်တော်မသည် ဤ ရေ နှင့် မီး ကို ကပ်လှူပါသည်။
    ဤသို့ကပ်လှူရသော အကျိုးကြောင့် ဘုရား၊ တရား၊ သံဃာအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်ကြသော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့သည် ရေလိုအေးမြကြပါစေသား။ဘုရား၊ တရား၊ သံဃာအား ပြစ်မှားစော်ကားကြသော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့သည် မီးလိုတောက်လောင်ကြပါစေသား။)--------
    ဒီဆုတောင်းလေးပေါ့။ ရင်တောင်တုန်တယ်။ နေ့တိုင်းလုပ်လေ မြန်မြန်ပြုတ်လေ.....ဟုတ်ပါဘူး...မှားလို့။ နေ့တိုင်းလုပ်လေ ပိုကောင်းလေ ပြောတာပါ။mrgreen
    Visitors
    HD Vision WrapArounds
    ဟောဒီမှာ Cbox ရေးချင်တာတွေရေးခဲ့ဖို့