ညောင်ရွှေမြို့ ၏ မူလအမည်မှာ ရှမ်းဘာသာဖြင့် “ ယောင်ဝှေ ” ဖြစ်သည်။ တောင်နှစ်သွယ်ကြားမှ ကုန်းမြေ ဟု အဓိပ္ပာယ်ရသည် ဆို၏။ ယောင်ဝှေ ဟုပြောသော ရှမ်းသံကို မြန်မာတို့က ညောင်ရွှေဟု ကြား၍ မှတ်တမ်းတင် ရေးသား၊ ခေါ်ဆိုရာမှ ညောင်ရွှေ ဟုအမည်တွင်ခဲ့ပုံရ၏။ သက္ကရာဇ် (၇၂၁) ခုနှစ်တွင် ညောင်ရွှေမြို့ ကို တည်ထောင်ခဲ့သော စော်ဘွားကြီးဆီဆိုင်ဖ လက်ထက် လွန်ခဲ့သောနှစ်ပေါင်း (၆၄၄) ခန့်ကာလ၊ ယခု သန်းထောင်ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင် တော ချုံ ပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်း ကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူအတွင်းမှ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည် ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင် တွေ့ရှိကြသည်။ ထိုအခါစော်ဘွားကြီးဆီဆိုင်ဖထံ သွားရောက်သတင်းပေးလေသည်။ စော်ဘွားကြီးဆီဆိုင်ဖသည် အားရ၀မ်းသာဖြစ်၍ ဆွေတော်မျိုးတော် မှူးမတ်တို့နှင့် ပရိတ်သတ် လေးပါမြောက်မြားစွာ ခြံရံ၍ သန်းထောင်အရပ်သို့ ထွက်လာကာ တော ချုံ ပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီးလိုဏ်ဂူကို တူးဖော်ကြည့်ရာဘုရားရှင်ရုပ်ပွားတော် (၅) ဆူတို့ကို ဖူးမြင်တွေ့ရှိရပေသည်။ ၎င်းရုပ်ပွားတော် ငါးဆူအနက် နှစ်ဆူမှာ ရဟန္တာပုံတော် ဟုသိရှိရသည်။ ၎င်းရုပ်ပွားတော်ငါးဆူတို့ကို ဖောင်တော်ဦး ရုပ်ပွားတော် ဟုခေါ်ဝေါ်သည်။ ဖောင်တော်ဦး ရုပ်ပွားတော် ဟုခေါ်ရခြင်းအကြောင်းအရင်းမှာ ကောဇာသက္ကရာဇ် (၄၀၄) ခုနှစ်တွင် မင်းအဖြစ် ရောက်ရှိတော်မူသော ပုဂံပြည့်ရှင်နရပတိအလောင်းစည်သူ မင်းကြီးသည် သာသနာတော်မြတ် စည်ပင်ပြန့်ပွားထွန်းကားခြင်းကို လိုလားသော မင်းမြတ်ဖြစ်သည်နှင့်အညီ ဇမ္ဗူဒိပ်ကျွန်း အလုံးစုံနှံ့အောင် ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်တော်မူခဲ့ပြီးနောက် သီဟိုဠ်မင်းက ဆက်သလိုက်သော သင်းကနတ် ဖောင်တော်ဖြင့် လှည့်လည်ပြန်လာတော်မူရာ မလယ ခေါ် မလ္လာဟု ကျွန်းရောက်လျှင် (၎င်းကျွန်းသည် အန္ဒိယပြည် မဒရပ်နယ် တောင်ဘက် ပင်လယ်တွင်ရှိ၍ အမွှေးနံ့သာ၊ ကရမက်စသည်အလွန်ပေါသည်ဟုသိရသည်။) သိကြားမင်းက ဆက်သအပ်နှင်းလိုက်သောအခါ မဟာဗောဓိသားနှင့်တကွ သရက္ခန်နံ့သာနှစ် အသားတို့ကို ရုပ်ပွားတော် (၅) ဆူထုလုပ်စေတော်မူပြီးလျှင် ဖောင်တော်၏ ရှေ့ ဦးတွင် ပင့်တင် ကိုးကွယ် ယူဆောင်တော်မူလျက် နေပြည်တော် ပုဂံမြို့ သို့ရောက်တော်မူလေသည်။ ဤသို့ ဖောင်တော်ရှေ့ ဦး၌ တင်ယူကိုးကွယ်ခဲ့သော ဘုရားဖြစ်ခြင်းကြောင့် ဖောင်တော်ဦးဘုရားဟု ခေါ်ခြင်းဖြစ်သည်။ စော်ဘွားကြီး ဆီဆိုင်ဖသည် ယင်းရုပ်ပွားတော်မြတ် (၅) ဆူကို မိမိနေပြည်တော် ညောင်ရွှေမြို့ တော်သို့ပင့်ဆောင်ပြီး ဟော်နန်းဦးစံပြဿဒ်ပေါ်တွင် ကိုးကွယ်တော်မူပြီးမှ နှစ်စဉ် သီတင်းကျွတ်လဆန်း(၇)ရက်သို့ ရောက်သောအခါ ဟော်နန်းဦးမှ အောက်သို့ပင့်ယူပြီး လှပတင့်တယ်စွာ ဆောက်လုပ်ထားသော ပြဿဒ်မဏ္ဍပ်အတွင်း ကောင်းစွာစံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော် အပူဇော်ခံပွဲသဘင် ဆင်ယင်ကျင်းပတော်မူခြင်းဖြစ်သည်။ ဟော်နန်းဦးမှ မြို့ သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ လူ့ပြည်သို့ ကြွဆင်းလားသော မြတ်စွားဘုရား (စ၀်ဖရားလုံးစိုင်း) ဟု ရှမ်းဘာသာဖြင့် ခေါ်တွင်သဖြင့် မူလဖောင်တော်ဦးဟူသော အမည်မှာ အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။ ညောင်ရွှေမြို့ ၌ နှစ်ပေါင်း (၂၅၆) နှစ်ကြာပွဲတော်များ ကျင်းပနိုင်ခဲ့၍ သက္ကရာဇ် (၉၇၇) ခုနှစ်တွင် ညောင်ရွှေမြို့ ကို စိုးစံသော
စော်ဘွားမ (စောဝ်နန်းမ၊ စောဝ်နန်းဟေး) လက်ထက်ရောက်သောအခါ ၎င်းမြို့ တော် ပတ်ဝန်းကျင်ရှိ အခြားစော်ဘွားမြို့ စားတို့က မြို့ တော်ကို ထိပါးတိုက်ခိုက် နှောင့်ယှက်ဖန်များသောကြောင့် ဗုဒ္ဓဘာသာ ရှမ်းမြန်မာတို့ အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော် (၅) ဆူတို့ကို စစ်ဘေး၊ စစ်ဒဏ် ရန်အန္တရာယ်ကင်းရှင်းရာဖြစ်သော ညောင်ရွှေနယ်ရွှေအင်းတိမ်ဘုရားကြီး၏ အရံစောင့်ကျွန်သီးတော်တို့အား (၁၂) မှု မင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ၎င်းတို့၏ သူကြီးအားလည်း ရုပ်ပွားတော်တို့ကို စောင့်ရှောက် ထိန်းသိမ်းရေးကိစ္စ ဆောင်ရွက်ဖွယ်အ၀၀တိုင်း အမိန့်အာဏာများ အပ်နှင်းပြီး အထူးထိန်းသိမ်း စောင့်ရှောက်စေသည်။ ၎င်းအသည်တော်တို့ နေထိုင်ရာရပ်ကွက်၌ စစ်ဘေး၊ စစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းမှာ ဗုဒ္ဓဘာသာလူမျိုးတို့၌ ဘုရားကိုယ်စား ရုပ်ပွားဆင်းထု၊ စေတီပုထိုးတို့ကို ထိန်းသိမ်း စောင့်ရှောက်ထားသော ကျွန်သီးတော် ခေါ် အသည်တော်များနေထိုင်ရာ ရပ်ကွက်ကို မည်သူမဆို ၀င်ရောက် တိုက်ခိုက်နှောက်ယှက်ထိပါး ဖျက်ဆီးခြင်းအမှု မပြုလုပ်ရ ဟူသော ဘာသာတရားအရ ဥပဒေပညတ်ချက် ထားရှိသောကြောင့် ၎င်းကို လိုက်နာသောအားဖြင့် မြို့ပြ၊ ပြည်ရွာ ပျက်ပြားသောအခါဖြစ်စေကာမူ ၎င်းရပ်ကွက်၌ ဘုရားသင်္ကန်းတော်ကိုဖြစ်စေ ဘုန်းကြီးသင်္ကန်းကိုဖြစ်စေ အောင်လံအဖြစ်စိုက်ထူထားပါက မည်သည့်ရန်သူတစ်ဦး တစ်ယောက်မျှ ၀င်ရောက် နှောင့်ယှက်ခြင်းမပြုရဟူသော ဘာသာထုံးတမ်း ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာ နေထိုင်ရသောသူများ ဖြစ်သည့်အလျောက် ၎င်းတို့ နေထိုင်ရာရပ်ကွက်၌ စစ်ဘေး၊ စစ်ဒဏ် ရန်အန္တရာယ် ကင်ရှင်းခြင်းဖြစ်သည်။ ၎င်းရပ်ကွက်ကား ရွှေအင်းတိမ်ဘုရားကြီး၏အရှေ့ ဘက် မြောင်ဆုံရွာအနောက်တောင် အင်းတိမ်မြို့ ဟောင်း တောင်ဘက် ယခုဆော်မရွာ ဟုခေါ်သော ရပ်ကွက်ပင်ဖြစ်သည်။ ဆော်မရွာ အနောက်ဘက်တွင် ဖောင်တော်ဦးရွာဟု ရှေးကရှိသည်။ ၎င်းရွာသည် အယုတ်တော်များ နေရာရပ်ကွက်ဖြစ်သည်ဟု ယခုလက်ရှိ အသည်တော်များ ၊ လူကြီးများ နှုတ်အမှတ်အသားထားရှိကြကြောင်း သိရှိရသည်။ ၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသော အချိန်မှစ၍ ၎င်းရုပ်ပွားတော်များကို ဖောင်တော်ဦးဘုရား ဟုတင်စား၍ ခေါ်ဝေါ်ခဲ့ကြသည်။
ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီခြင်း၊
ဖောင်တော်ဦးရုပ်ပွားတော်မြတ်တို့ကို အသည်တော်များက အစဉ်အလာမပျက်ဆက်လက်ကျင်းပလာခဲ့သော မူလပွဲတော်ရက်ဖြစ်သည့် သီတင်းကျွတ်လဆန်း(၇)ရက် နေ့တွင် ညောင်ရွှေမြို့ သို့အရောက် ပင့်ဆောင်ရမည်ဟု အာဏာပိုင်တို့အမိန့် ပညတ်ချက်အရ----------------
သီတင်းကျွတ်လဆန်း (၅) ရက်၊ ဆော်မရွာ ကျောင်းတော်မှ အောက်သို့ဆင်းကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၆) ရက်၊ ဟဲယာရွာမသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၇) ရက်၊ ညောင်ရွှေမြို့ သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၈) ရက်၊ နမ့်သဲရွာသို့ကြွ နေ့ဆွမ်းကပ်ပြီးလျှင် နမ့်ပန်သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၉) ရက်၊ နောင်တောရွာသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ရွာကြီးဘန်းပုံသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ ဆော်မရွာကျောင်းတော်သို့ အရောက်ကြွတော်မူကာ
မြို့ ရွာနေ၊ ပြည်သူပြည်သားတို့၏ အပူဇော်ခံ (၈) ဌာနပွဲတော်သဘင်ကို ဆင်ယင်ကျင်းပလေသည်။ သက္ကရာဇ် (၁၁၃၃) ခုနှစ် အချိန်ကာလတွင် အင်းတိမ်ဆော်မရွာရှိ ဖောင်တော်ဦးကျောင်းတော်ကို မီးသင့်လောင်သဖြင့် ရွာကြီးဘန်းပုံအရပ်တွင် ကျောင်းတော်ဆောက်လုပ် ရုပ်ပွားတော် (၅) ဆူကို ပင့်တင့်ရွှေ့ ပြောင်းပြီးလျှင် စောင့်ရှောက်ထားရာမှ သက္ကရာဇ် (၁၂၄၃) ခုနှစ်တွင် ရွာကြီးဘန်းပုံကျောင်းတော်မှ သာလေးတိုက် နမ့်ဟူးရွာ နမ့်ဟူးကျောင်းတော်သို့ ရွှေ့ ပြောင်းစောင့်ရှောက်ခဲ့သည်။ ထို့နောက် မူလက (၈) ဌာနသို့ ဒေသစာရီကြွချီရာမှ (၁၉) ဌာနတိုင်အောင် ကြွချီတော်မူပြန်သည်။
သီတင်းကျွတ်လဆန်း (၃) ရက်၊ မူလဂန္ဓကုဋီမှကျောင်းဦး ဗုဒ္ဓါသန ပလ္လင်တော်
သီတင်းကျွတ်လဆန်း (၄) ရက်၊ ကျောင်းတော်မှ အင်းတိမ်
သီတင်းကျွတ်လဆန်း (၅) ရက်၊ အင်းတိမ်မှ ဟဲယာရွာမ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊ ဟဲယာရွာမမှ ညောင်ရွှေ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၉) ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၉) ရက်၊ နမ့်သဲမုန့်ထုပ်မှ လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ လင်းကင်းမှ ကြေးစား (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ မိုင်းသောက်မှ သလဲဦး (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ သလဲဦးမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ငါးဖယ်ချောင်မှ ဇရပ်ကြီး (၁) နာရီ
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ဇရပ်ကြီးမှ ဘုရားပေါက် (၅) နာရီ
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ဘုရားပေါက်မှ နမ့်ပန် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃) ရက်၊ နမ့်ပန်မှ နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ နောင်တောမှ မန်ကျည်းဆိပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ မန်ကျည်းဆိပ်မှ ကျိုမ့်ခမ်း (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ ကျိုင့်ခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (၅) နာရီခွဲ
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ အင်းပေါခုံမှ ရွာကြီးရေသာ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်(၃)ရက်၊ ကျောင်ဦးဗုဒ္ဓါသနပလ္လင်မှ မူလဂန္ဓကုဋီတိုက်သို့ဒေသစာရီကြွချီတော်မူသည်။
ယခုအခါတွင် တော်သလင်းလကွယ်မှစ၍ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်နေ့အထိ တိုင်အောင် (၁၈) ရက် ဒေသစာရီကြွချီတော်မူသော အရပ်ဒေသများမှာ----------
တော်သလင်းလကွယ်နေ့ မူလ ဂန္ဓကုဋီတိုက်မှ ကျောင်းဦး ဗုဒ္ဓါသနပလ္လင်တော်
သီတင်းကျွတ်လဆန်း (၁) ရက်၊ ကျောင်းတော်မှ အင်းတိမ်သို့ကြွ (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၂) ရက်၊ အင်းတိမ်မှ ဟဲယာရွာမ (၂) ညကျိန်း
သီတင်းကျွတ်လဆန်း (၄) ရက်၊ ဟဲယာရွာမမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၅) ရက်၊ ငါးဖယ်ချောင်းမှ ကြေးစားကုန်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၆) ရက်၊ ကြေးစားကုန်းမှ ပွဲစာကုန်း (နေ့ဆွမ်း) လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊ လင်းကင်းမှ ညောင်ရွှေမြို့
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (နေ့ဆွမ်းး) မိုင်းသောက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ မိုင်းသောက်မှ သလဲဦး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ သလဲဦးမှ ကေလာ (နေ့ဆွမ်း) ဇရပ်ကြီး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃) ရက်၊ ဇရပ်ကြီးမှ နန်းပန်ဘုရားပေါက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ဘုရားပေါက်မှ မန်ကျည်းဆိပ် (နေ့ဆွမ်း) ကျိုင်းခမ်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၅) ရက်၊ ကျိုင်းခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (နေ့ဆွမ်း) နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ နောင်တောမှ ရွာကြီးရေသေ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ ရွာကြီး ရေသေမှ မူလဂန္ဓာကုဋီတိုက်သို့ ပြန်လည်ရောက်ရှိတော်မူပါသည်။
ဖောင်တော်ဦးရုပ်ပွားတော်မြတ်အား ကြည်ညို သဒ္ဓါပွားများစေလိုသည့် စေတနာ၊ အင်းသူ / အင်းသား တို့၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုသည် မည်မျှကြီးမားကြောင်းကို သိရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် တင်ပြရခြင်းဖြစ်ပါသည်။
ဘုရားဖူးလာချင်သူများအတွက်ကတော့---------
Country Code +95
Local Code 081
- ဂိုးစတားဟိုတယ်(Gold Star)Ph:29200
- ဂျစ်ပစီအင်း(Gypsy Inn) Ph:29084
- တော်ဝင်သစ်ခွဟိုတယ်Ph:23182
- တစ်ဝုစ်တည်းခိုခန်း(Teak Wood) Ph:29250
- ဒိုင်းမွန်းစတားတည်းခိုခန်းPh:29130
- နိုဝင်ဘာဟိုတယ်Ph:29226
- နောင်ခမ်းPh:29195
- နန္ဒာဝန်ဟိုတယ်Ph:29211
- ပရင်(မ်)ရို့စ်ဟိုတယ်(Primrose)Ph:29150
- ပရိုင်းရို့စ်ဟိုတယ် Ph:22709
- ပါရာတိုက်အင်းလေး(Paradise)Ph:29128
- ပါရာဒိုက်ဟိုတယ် Ph:29322
- ပါရာမောင့်(န်)အင်းလေးဟိုတယ်(Paramount) Ph:29477
- ဗျူးပွိုင့်ဟိုတယ်Ph:29062
- ဘရိုက်(စ်)ဟိုတယ်(Bright) Ph:29137
- မေတည်းခိုခန်းPh:29417
- မေဟော်နန်းPh:29414
- မင်္ဂလာအင်းPh:29198
- ရီမန်းဘားအင်း(Remember Inn) Ph:29257
- ရွှေကျွန်းမျှောဟိုတယ်(နမ့်ပန်)Ph:29390
- ရွှေကျွန်းမျှောဟိုတယ်(သလဲဦး)Ph:29389
- ရွှေအင်းသားဟိုတယ်နှင့်စားသောက်ဆိုင်Ph:22077
- လိပ်ဗျူးဟိုတယ်Ph:23656
- ဟူပင်ဟိုတယ်(Hu Pin) (ခေါင်တိုင်ရွာ၊ညောင်ရွှေမြို့ )Ph:29291
- ဟူပင်ဟိုတယ်(Hu Pin) (ညောင်ရွှေမြို့ )Ph:29293
- အင်းလေးအင်းPh:23709
- အင်းလေးPh:29016
- အင်းလေးပရင့်ဆက်ဟိုတယ်Ph:29055
- အင်းလေးဗျူးဟိုတယ်Ph:29332
- အောင်မင်္ဂလာဟိုတယ်Ph:29411
- Aquarius Inn Ph:29352
စသည့် ဟိုတယ်၊ Inn နှင့် တည်းခိုခန်းများတွင် တည်းခိုနိုင်ပါတယ် ခင်ဗျာ။

No comments:
Post a Comment